Tuesday 10 May 2011

ကိုယ့်ဒူးကိုယ်ချွန် ပညာသင်လို၍ စရိတ်ငွေရှာပုံ

မိခင်ကကျောင်းက ထုပ်ထားသည့်တိုင်အောင် ပေါ်ထွန်းအောင်က နိုင်ငံခြားသို့သွားရောက်၍ ပညာသင်ကြားဖို့ရာ မလျော့သောစိတ်ဓါတ်ဖြင့် တစ်မျိုးတစ်ဖုံကြံစည်ပြန်သည်။

သူ၏ အမေဘက်မှ ဦးရီးတော်သူ တစ်ဦး၏ ဈေးရောင်းစာရေးအဖြစ် လုပ်သောအခငွေကို ကျစ်ကျစ်ပါအောင် စုထားသည်။

ထို့ဖြင့်ည်း တောမှကုန်ဝယ်လာသော ကုန်သည်တို့ကိုရှာပြီး ကုလားဆိုင်တဆိုင်တွင် ဖောက်သည်လုပ်ထားသည်။

ကုန်မှန်ဈေးမှန်နှင့်ရောင်းချပေးရာ ငွေတကျပ်ဘိုး ရောင်းရလျှင် တပဲကော်မရှင် ရလေသည်။ တစ်နှစ်လောက်ကြိုးစားပမ်းစား စုဆောင်းတားသည်မှာ ငွေ-၄၅၀ စုမိသဖြင့် ထိုငွေဖြင့် ကာလကတ္တားသို့ ပညာသင်သွားရန် ညီငယ်နှင့် တိုင်ပင်ထား၏။


သို့သော် အကြံကားအထမမြောက်။ ငွေထားသည့်နေရာကို ဦးရီးမယားမှပါသော သားတယောက်က ပြ၍ ဦးရီး၏မယားက ခိုးယူထားလိုက်ပြီးလျှင် သူတို့၏ငွေကို ၀ှက်ထားသည်ဟု စွပ်စွဲတော့၏။

ပေါ်ထွန်းအောင်က မဟုတ်ဘူး။

ဦးရီးပေးတဲ့လခနှင့် ကုလားဆိုင်ကရတဲ့ ကော်မရှင်တို့ကို စုထားတာပါ” ဟု ဆိုပြီး ဦးရီး၏မယားပါသားကို ခေါင်းရိုက်ခွဲကာ ထိုအိမ်မှ တခါတည်း ထွက်ခွာလာခဲ့လေသည်။

ပေါ်ထွန်းအောင်သည် မိဘကကျောင်းသို့ဆက်၍ ထားနိုင်ပါလျှက် မထား၍ ကိုယ့်ဒူးကိုယ်ချွန်စိဖြင့် တနှစ်ကျော်မျှ ဦးလေးအလုပ်ကို လုပ်ကာစုဆောင်းထားခဲ့သော အသပြာကလေးမှာ ဆိုးဝါးလှသော အနှောင့်အယှက်ဖြင့် ဆုံးပါးခဲ့ပြီး ကာလကတ္တားသို့ ထွက်ခွာရန် အကြံအစည်မှာလည်း မအောင်မြင်ဘဲရှိရှာ၏။

ဦးလေးဖြစ်သူကပင်လျှင် မိခင်ကြီးနှင့် တစိတ် တသဘောတည်းပင် နိုင်ငံခြားသို့ လွင့်ပါသွားမည်စိုရိမ်၍ ထိုငွေကို ပေါ်ထွန်းအောင်အား မပေးဘဲထားသည်ဟူ၍လည်း သိရ၏။

သို့နှင့်ပင် မိခင်ထံသို့မပြန်။ ဦးရီးအိမ်တွင်လည်း မနေတော့ဘဲ ထွက်ခွာခဲ့လေသည်။

"လူတွင်လူလွန် လွှားတံခွန်သို့”
အယူမယွင်း၊ ဆောက်တည်ခြင်းဖြင့်
ကံရင်းမူလ၊ ၀ိရိယနှင့်
ဥာဏထောက်ကူ၊ ရှိသည့်သူမှ
လူတွင်လူလွန်၊ လွှားတံခွန်သို့
လူမွန်တယောက်၊ တစ်ခေါ်လောက်အောင်
ခါရောက်ချိန်ဆုံး၊ တုမဲ့နှုန်း၍
ရွှေဘုန်းမော်ရမည်ကိုသာ။
မာဃဒေ၀ပျို့

အသက် ၁၃ နှစ်အရွယ်ပင် ဖြစ်လင့်ကစား ယောင်္ကျားတို့ လုလ္လသေကာမှလျော့မည်ဟု ထုံးသကဲ့သို့ ပညာတစ်ခုရရာရကြောင်းကို လက်မလျော့ဘဲ ဆက်လက်ကြိုးစားရန် စိတ်ရင့်သန်သည့်အားလျော်စွာ အမိ၏သံယောဇဉ်ကို လက်ဦးဖြစ်တောက်ဖို့ရာ စိတ်စောလျက်ရှိပေ၏။

စစ်တွေမြို့ တွင်ပရိယတ္တိသင်ကြားမှု၌ ထိုစဉ်အခါက အကျော်တစောရှိနေသော ရွှေစေတီကျောင်း ဆရာတော်ဘုရားထံသို ဦးတိုင်သွားပြီး ချဉ်းကပ်ကာ ပညာသင်လိုကြောင်းကို လျှောက်ထားလေသည်။

ဆရာတော်ကြီးကလည်း သူငယ်၏ ပြင်းပြထက်မြက်သောစိတ်ဖြင့် ပညာလိုလားပုံကို အကဲခတ်မိသည့် အားလျော်စွာ ဗုဒ္ဓ၏နက်နဲသိမ်မွေ့သော အတတ်ပညာရပ်တို့မှာ ပလိဗောဓကိစ္စများသောလူဝတ်နှင့် သင်ကြား၍မတတ်လွယ်။

လူဝတ်ကိုစွန့်ခွာ၍ သူတော်သူမြတ်တို့ ၀တ်အပ်သော သူတော်အ၀တ်မှသာ သင်လွယ်တတ်လွယ်ရှိကြောင်းကို အကျယ်တ၀င့်ဟောကြားတော်မှု၏။